(အကိုရေ ပိတ်ရက်ကြရင် မုန့်ဟင်းခါးချက်စားရအောင်) ကျွန်တော်နဲ့ ညီအစ်ကိုလိုခင်တဲ့ ထွန်းထွန်းက ပြောလာတာပါ
သူပြောလိုက်တော့မှ ကျွန်တော့် စိတ်တွေ ဟိုးးးး လွန်ခဲ့တဲ့ အတိတ်ကို ပြန်ရောက်သွားပါတယ်
ကျွန်တော်က မြစ်ဝကျွန်းပေါ်သားပါ အရင်ကဆိုရင် ကျွန်တော်တို့ဘက်ကို သင်္ဘောနဲ့သာ သွားလာလို့ရပါတယ် အခုတော့ ကားလမ်းတွေ ပေါက်နေပါပြီ (သူကြီးဖောက်တဲ့လမ်း ပြည်သူတွေလုပ်အားနဲ့ပေါ့ဗျာ.. သိတယ်မို့လား လုပ်အားပေး
တွေနဲ့ ဖောက်တာလေ) ကျွန်တော်ကတော့ နွေရာသီဆိုရင် သင်္ဘောနဲ့ သွားရတာ ပိုသဘောကျတယ် မြစ်ပြင်ကို ဖြတ်တိုက်လာတဲ့ လေကလေး တဖြူးဖြူးအောက်မှာ ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို ငြိမ့်ငြိမ့်လေးဖတ်ရတာ တကယ်ဇိမ်ပဲ
ရန်ကုန်ကနေ ထွက်လာရင် တွံတေးကို မရောက်ခင်လမ်းမှာ လှေကလေးတွေနဲ့ သင်္ဘောပေါ်ကို ဈေးတက်ရောင်းတဲ့
ဈေးသည်တွေလည်း ရှိတယ်ဗျ သင်္ဘောလာမယ့်လမ်းမှာ လှေကလေးနဲ့ အရှေ့ကနေ ကြိုစောင့် သင်္ဘောအနားရောက်တော့
လှေကို တအားလှော် သင်္ဘောနားကို လှေကပ်မိပြီဆိုရင် ဦးကလူက လှေကြိုးကိုကိုင်ပြီး သင်္ဘောပေါ်ကို ခုန်တက် တချို့တွေ
လည်း သင်္ဘောပေါ်ကို မရောက်ပဲနဲ့ ရေထဲကိုပြုတ်ကျ တချို့ကျတော့လည်း လူကသာ သင်္ဘောပေါ်ကိုရောက်လာ လှေကြိုး
က လွတ်ကျန်နေခဲ့တာ အင်းး စွန့်စားမှုတခုပါပဲ သူတို့တွေလာရင် ကျွန်တော်ကတော့ ထကြည့်နေမိတယ်
ဒီလှေတစင်းကတော့ ညီအစ်ကို နှစ်ယောက် မုန့်ဟင်းခါးလာရောင်းတာပါ ပစ္စည်းတွေ သင်္ဘောပေါ်တင်ပြီး သူတို့ရောင်း
တော့ ကျွန်တော်လည်း မုန့်ဟင်းခါး တပွဲ အားပေးလိုက်ပါတယ် ကျွန်တော်စားနေတုန်း သူတို့လှေကြိုး ပြတ်သွားပါလေရော
အစ်ကို ဖြစ်သူက ရေထဲကိုခုန်ဆင်းပြီး လှေနောက်ကို လိုက်သွားပါတယ် သူ့ညီကိုတော့ တွံတေးကနေ စောင့်နေပါလို့ မှာသွားတယ် ညီဖြစ်သူကို ကြည့်လိုက်တော့ ဆယ်နှစ်တောင်မပြည့်တတ်သေးဘူး
ကျွန်တော်လည်း သွားစပ်စုတာပေါ့.. ညီလေး အသက်ဘယ်လောက်ရှိပြီလည်းဆိုတော့..သူ့အသက်ကို မမှတ်မိပါဘူးတဲ့.. ကျောင်းရောမနေဘူးလားဆိုတော့..မျက်နှာငယ်လေးနဲ့ သူငယ်တန်းပဲ တက်ခဲ့ဖူးပါတယ် အစ်ကိုလို့ ပြန်ဖြေတယ်...မေးမိတာကိုက ကျွန်တော်မှားတာ ကိုယ့်အသက်ကိုတောင် မသိတာ ဘယ်လိုလုပ်ကျောင်းသားဖြစ်နိုင်မှာ
လဲ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ပြန်ရှက်မိတယ် မိဘကကျောင်းထားတော့ စာများတယ် အရုပ်နည်းတယ်ဆိုပြီး
ကျောင်းကို ပြီးအောင်မနေခဲ့ဘူး သူမပြောပေမယ့် ကျွန်တော်ကတော့ သိနေမိတယ် သူလည်းတခြားကလေးတွေလို ကျောင်းနေချင် ရှာပေမပေါ့ သူစိတ်ပြေအောင်ဆက်ပြောကာမှ ပိုဆိုးနေတယ် ..ညီလေးရယ် ညဘက်အားတဲ့အခါ စာလေးဘာလေးဖတ်ပေါ့လို့ အားပေးကာမှ ...ညဘက်ဆိုရင် ပိုက်ချလိုက်ရသေးတယ် မအားဘူးအစ်ကို..
ညီလေးမှာ မိဘတွေ အစ်ကိုတွေ မရှိတော့ဘူးလားဆိုတော့ ..အဖေကနေမကောင်းလို့ အိပ်ရာထဲက မထနိုင်တာ
ကြာပြီအစ်ကို ..အမေကတော့ စပါးရိတ်လိုက်နေရတယ် အစ်ကိုအကြီးဆုံးက ရွာကို စုဆောင်းရေးတွေလာတုန်းက ပါသွားတာ ဘာသတင်းမှ မကြားရတော့တာ...လို့ဆိုတော့ ကျွန်တော်လည်း ရှေ့ဆက်မမေးတော့ပါဘူး သူကဆက်ပြောတယ် ..ကျွန်တော့်အောက်မှာ ညီနှစ်ယောက်ကျန်သေးတယ် သူတို့တွေ ကျောင်းတက်နိုင်အောင်လို့ ကျွန်
တော်တို့ အနစ်နာခံရမယ်တဲ့ အင်းး သူ့စိတ်ထားလေးက လေးစားလောက်ပါတယ်
ကျွန်တော်လည်း အိမ်အတွက် ဝယ်လာတဲ့ မုန့်ကိုတဝက်ခွဲပြီးတော့ သူ့ကိုပေးပါတယ် နောက်ငွေငါးထောင်ကိုလည်း
ညီလေးအဖေအတွက် ဆေးဖိုးဆိုပြီးပေးတော့ သူကငြင်းပါတယ် .. ကျွန်တော်က ဆင်းရဲပေမယ့် သူများပစ္စည်းကို
အလကားမယူတတ်ဘူး အစ်ကို...တဲ့ ကျွန်တော်ကလည်း အတင်းပေးတော့မှ အားနာလို့သာ သူယူသွားတာပါ
ဒီကလေးဟာ ပညာမတတ်ပေမယ့် ရိုးသားတယ် သူများပစ္စည်းကို အလကားလိုချင်စိတ်မရှိဘူး အသက်ငယ်ပေမယ့်
မိသားစုတာဝန်ကို တတ်နိုင်တဲ့ဘက်က ထမ်းဆောင်တယ် အငယ်တွေအပေါ်မှာလဲ သနားငဲ့ညှာမှု ရှိတယ် ဘဝပေးမကောင်းလို့ သူ့အသားအရည်တွေက နေလောင်ပြီးတော့ မည်းနေပေမယ့် သူ့စိတ်ထားလေးက အရမ်းကို ဖြူစင်တယ် ကျွန်တော်ရော သူ့လိုစိတ်မျိုးထားနိုင်လားလို့ ပြန်မေးနေမိတယ် ဆက်ပြီ့း တွေးမိတာကတော့
ကျွန်တော်တို့ တိုင်းပြည်မှာ ပညာမတတ်တဲ့ ကလေးတွေ ဘယ်လောက်တောင် များနေပြီလဲ?
ဘဝပေးမကောင်းလို့ ဆင်းရဲပြီးတော့ ပညာမတတ်တဲ့ ကလေးတွေ နောင်တချိန်မှာ လမ်းမှားကို မရောက်ပါဘူးလို့ ဘယ်သူ အာမခံနိုင်လဲ? ဒီကလေးတွေရဲ့ ဘဝကို ကံတခုတည်းကို အပြစ်ပုံချရင် သင့်တော်ပါ့မလား?
အခု ဒီကလေးဘဝထက် ဆိုးတဲ့ ကလေးတွေရော ဘယ်လောက်တောင် များနေပြီလဲ?
ဒီအကြောင်းတွေကို ဘယ်သူ့ကို တိုင်ပင် ပြောပြသင့်သလဲ? (သူကြီးကို ပြောပြရင်လည်း တော်ကြာ နွားရှေ့ထွန်ကျူးတယ်
လို့ပြောနေမှာစိုးလို့ ...သူကြီးနဲ့ ဒီစကားပုံကသာ အလိုက်ဖက်ဆုံးပါ)
နောက်ဆုံးတော့ ကျွန်တော်တယောက်တည်း တိုးတိုးလေး ဆုတောင်းနေမိပါတော့တယ်...........
Friday, 15 April 2011
ဆည်းလည်းလေးတွေမြည်ပါစေ
11:19
kokokokoko
No comments
0 comments:
Post a Comment